ဆရာဟာရွန်းစာသင်ပုံနှင့် အမှတ်ပေးပုံ
အတန်းကို ဂဏန်းသင်္ချာသင်ပေးသောအခါ၊ အတန်းသားများ သဘောပေါက်နားလည်
သွားသည်အထိ သင်ပေးသည်။ ပြီးတော့ အတန်းသားများ မိမိဘာသာ ဖြေဆိုရန် ပုစ္ဆာတစ်ပုဒ်ပေးလိုက်လေသည်။
ဆရာသည် ပုစ္ဆာများများ ပေးလေ့မရှိ၊ တစ်ပုဒ်ကောင်းပေး၏။ ပြီးလျှင်ပြီးချင်း ဆရာအား သွားပြရ၏။
မှန်ရင် အမှတ်ဘယ်လောက်ဟု ပုံသေထားပြီး၊ အမှတ်ပေးသောစနစ်ကို မသုံး။ အရင်ဆုံးပြီး,ပြီး
မှန်သူကို အလွန့် အလွန်ကောင်းသည် ( Very very good ) ဟုပေးသည်။ ထိုနောက်မှ ပြီး, ပြီး
မှန်သူကို အလွန်ကောင်းသည် ( Very good ) ဟု အမှတ်ပေး၏။ ထို့နောက် ပြီးသူတို့ကိုကား
ကောင်းသည်ဟုသာ မှတ်ချက်ပေး၏။ အမြန်ဆုံးပြီးပြီး မှားသူကို အလွန့်, အလွန်ဆိုး (
Very very bad ) ဟု အမှတ်ပေး၏။ ထို့နောက် အလွန်ဆိုး၊ ဆိုးသည် စသည်ဖြင့် ပေးသွားလေ့ရှိသည်။
ကျွန်တော့်မှာ
အလွန့် အလွန်ကောင်းသည်ဟူသော အမှတ်များ မကြာခဏရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွါးခဲ့ရလေသည်။
အတန်းထဲမှာ လူများရှေ့တွင် ချီးကျူးစကားပြော၍ ညံ့သူကို အားပေးစကားပြော၏။ ညံ့သူကို အားပေးစကားပြောရုံမက
ပြုပြင်နိုင်အောင် လက်တွေ့အကူအညီလည်း ပေးသည်။
နေရှင်နယ်ကျောင်းမှ
ဆရာမြိုင်သည် အင်္ဂလိပ်စာသင်သောအခါ မြန်မာပြန်နှင့် တွဲဖက်သင်ကြား၏။ သဒ္ဒါကိုလည်း မြန်မာလိုရှင်းပြီးပြော၏။
ဗုဒ္ဓဘာသာကျောင်းမှ ၇ တန်းဆရာ ဆရာတင် အင်္ဂလိပ်စာသင်သောအခါ ဆရာမြိုင်နှင့် နည်းတူပင်ဖြစ်သည်။
( ဆရာတင်ကား ကျောင်းတွင် အသက်အကြီးဆုံးဆရာဖြစ်ပြီး၊ နုတ်ခမ်းမွှေးထားသည်။ တုတ်ကို များစွာသုံးသည်။
)
ဂ၊ ၉၊ ၁၀
တန်းတွင် ဆရာဟာရွန်း အင်္ဂလိပ်စာသင်သောအခါ အင်္ဂလိပ်လို ပြော၍ သင်သည်။ ခက်သောအင်္ဂလိပ်စာကို၎င်း၊
သဒ္ဒါကိုလည်းကောင်း လွန်စွာလွယ်ကူချောမောသော အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းပြောပြသည်။ အင်မတန်
လိုအပ်မှ မြန်မာစကားလုံး တစ်လုံး နှစ်လုံး သုံးသည်။ ဆရာသုံးလိုက်သော မြန်မာစကားလုံးမှာလည်း
ကျွန်တော်တို့ကို ကွင်းကနဲ ကွက်ခနဲ မြင်သွားစေလေသည်။
ဆရာဟာရွန်း
အင်္ဂလိပ်စာသင်သောအခါ ဘာသာစကားရှူဒေါင့်မှ သင်ကြားပို့ချရုံမက၊ စာပေရှူဒေါင့်မှလည်း သင်ကြားပို့ချသည်။
စကားလုံးအဓိပ္ပါယ်၊ ဝါကျတည်ဆောက်မှု စသည်များကို သင်ကြားပြီးသောအခါ၊ စာပေအရသာခံစားတတ်အောင်
ပြောသွားလေသည်။ စာအုပ်ပြဠာန်းသူများကလည်း စာပေရှူဒေါင့်ကို အဓိကထားဟန်တူသည်။ ဝေါဟာရ
ကြွယ်ရန်၊ အထူးစကားလုံးများ သိကျွမ်းရန် ( Technical Terms ) များ အဓိကထားဟန် မတူပါ။
ကျွန်တော်တို့ခေတ်က ယခုလို “အာနာပူနာ” တို့ကဲ့သို့ ခက်ခဲသောစာအုပ်များ မပြဠာန်းမပါ။
ချားလ်စ်နှင့် မေရီလမ်းတ်တို့၏ Tales from Shakespare ဆာရိုက်ဒါဟတ်ဂါတ်ရေးသော King
Solomon’s mine( retold ) ချားဒစ်ကင်၏ David Copperfield နှင့် အင်ထော်နီဟုပ် ရေးသော
Prisoner of Zenda စသည်တို့ကို ပြဠာန်းပါသည်။ ဆရာဟာရွန်းသည် ကျောင်းသုံးစာအုပ်များကို
သင်ကြားရင်း စာပေနှင့် နှီးနွယ်၍ အခြားစာအုပ်များအကြောင်းကို ပြောပြသွားတတ်သည်။
သို့ဖြင့်
ကျွန်တော်တို့သည် ကမ္ဘာလက်ရွေးစင်ဝတ္ထုတိုများမှ ဝတ္ထုအချို့အကြောင်းကို ကြားဖူးရသည်။
ဆရာသည် ထိုဝတ္ထုတိုကလေးများ၏ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြသည်။ ဝတ္ထု၏ ဇာတ်မဏ္ဍိုင် (
Theme ) ကို ထောက်ပြသည်။ ဘယ်စာရေးဆရာ၏ ဘယ်ဝတ္ထုဟု ကျွန်တော် မမှတ်မိတော့ပါ။ သို့သော်
ဇာတ်မဏ္ဍိုင်ကို မှတ်မိနေ၏။ “ဘိုးဘွားမိဘက မျိုးချစ်စိတ်ရှိတိုင်း၊ သတ္တိကောင်းတိုင်း၊
သားတွေ မြေးမြစ်တွေက မျိုးချစ်စိတ်ရှိချင်မှ ရှိမယ်။ သတ္တိကောင်းချင်မှ ကောင်းမယ်။ ဒီဝတ္ထုတိုမှာ
ဒီအချက်ဟာ ကျောရိုးဘဲ၊ မဏ္ဍိုင်ပဲ။ ဟိုဝတ္ထုတိုမှာတော့ လင်သေလို့ သိပ်ပူဆွေးဝမ်းနည်းနေသော်လည်း
ခက်မယ် မထင်နဲ့၊ အညှာလွယ်ချင်လွယ်တာမျိုး၊ ဒါကို ကျောရိုးမဏ္ဍိုင် ထားပြီး ရေးထားတယ်။”
စသည်ဖြင့် ရှင်းပြသွားတတ်လေသည်။ ကျွန်တော်သည် ထိုဝတ္ထုတိုများအကြောင်းကို ဆရာ့ထံမှသာ
ကြားရသည်။ ကိုယ်တိုင် မဖတ်ဖြစ်ခဲ့၊ ဝတ္ထုတိုအမည် စာရေးဆရာအမည် စသည်တို့ကိုလည်း ကျွန်တော်
မမှတ်မိ၊ သို့သော် ဇာတ်ကျောရိုးကို ကျွန်တော် မှတ်မိနေ၏။ တစ်နေ့သောအခါ ကျွန်တော်၏ ဝတ္ထုများအတွက်
ဇာတ်လမ်းကျောရိုးဖြစ်လာလိမ့်မည်ဟု မမျှော်မှန်းမိခဲ့ပါ။
ဆရာဟာရွန်းသည်
တစ်ခါက အတန်းထဲမှာ ဘိန်းစားတစ်ယောက်၏ဖြောင့်ဆိုချက်များ ( Confessions of an Opium
eater ) ဆိုသော ဝတ္ထုအကြောင်းကို ပြောပြသည်။ ကျွန်တော်တို့ ရယ်မောကြရသည်။ ဘိန်းစားကို
သရော်လှောင်ပြောင်ကြရသည်။ ကျွန်တော့် ကျောင်းနေဖက်သူငယ်ချင်းများက ထိုစာအုပ်ကို ဖတ်ကြသည်။
ကျွန်တော် မဖတ်မိ၊ သို့သော် စာအုပ်နာမည်ကိုကား မှတ်မိနေသည်။ ပြီးတော့ ဘိန်းစားကို သရော်ထားသည့်
အရသာကို စွဲနေမိတော့သည်။
ဆရာဟာရွန်းသည်
စာကြီးပေကြီးများကို နှံ့စပ်အောင်ဖတ်ပြီးမှ အလျဉ်းသင့်သလို ကောက်နုတ်ချက်များပြု၍ ကျောင်းသားများကို
သင်ကြားပို့ချသည်သာမက၊ နေ့စဉ်သတင်းစာမှ ဆောင်းပါးများကို ဖတ်ထားကာ လိုသလို သုံးသွားလေသေးသည်။
တစ်ခါက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ရန်ကုန်တိုင်း (Rangoon Times ) သတင်းစာတွင် ရှမ်းပြည်အင်းလေးကန်အကြောင်း
ခရီးသွားဆောင်းပါးတစ်ပုဒ်ပါလာလေသည်။ “အင်းလေးသည် လှနည်းအမျိုးမျိုးရှိသည်”ဟူသောဝါကျဖြင့်
အစချီလိုက်ပြီးနောက်၊ အချိန်လိုက်၍၎င်း၊ ကြည့်ရသောအကွက်အကွင်းလိုက်၍၎င်း၊ အလှပြောင်းသွားပုံကို
ဖေါ်ပြထားသည်။ ပြီးတော့ ခြေထောက်ဖြင့် လှေလှော်ကြသည့် အင်းသားများ၏ဘဝကို ဖေါ်ပြထားသည်။
ကျွန်းမျှောများနှင့် ရေပေါ်ဈေးတန်းတို့အကြောင်း တင်ပြထားသည်။
ဆရာသည် ထိုဆောင်းပါးထဲမှ
အစိတ်အပိုင်းအချို့ကို အတန်းထဲမှာ ဖတ်ပြပြီးနောက် ဆောင်းပါးတစ်ခုလုံးကို ဖတ်လိုသူတို့
ဖတ်ကြရန် ဖြန့်လှည့်ပေး၏။ ဆရာသည် ကျွန်တော်တို့ကို ခရီးသွားစာပေ၏ အရသာကို သိရှိခံစားစေ၏။
အင်းလေးအလှသည် ကျွန်တော့်မျက်စိထဲမှာပေါ်လာပြီး၊ ပြေးသွားကာကြည့်လိုက်ချင်သော စိတ်ဆန္ဒဖြစ်ပေါ်လာပါ၏။
ဆရာသည် လှပသည့်နိမိတ်ပုံကို ကျွန်တော်၏စက္ခုအာရုံတွင် ဖြစ်ပေါ်စေရုံမက၊ စကားလုံးအလှလေးများ၏
ဂီတသံကိုပင် ကျွန်တော်၏သောတအာရုံတွင် ပဲ့တင်ခတ်နေစေ၏။
ကျတော်မှာက ဇော်ဂျီဖောင့်နဲ့ဆိုတော့ တစ်ချို့ စာပိုဒ်တွေက ဖတ်လို့မရဘူးဆရာ။
ReplyDelete