Monday, May 19, 2014

ကျမ မျက်လုံးတွေပွင့်လာခဲ့ပြီ….( 2 )



        

လက်ထပ်ပွဲအပြီး၊ နှစ်လလောက်အကြာ ညနက်ပိုင်းမှာ ကျမတို့အိမ်ခေါင်းလောင်းကို တီးသံကြားရပါတယ်။ ကျမတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာ သမီးငိုပြီး ကျမလက်မောင်းထဲကို လဲကျသွားပါတယ်။ ကျမ သမီးကို အိမ်ထဲကို ဆွဲခေါ်သွားပြီး၊ ကြည့်လိုက်ချိန်မှာ သူမရဲ့မျက်နှာ၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ အညိုအမဲစွဲနေပါတယ်။ သူ့ယောက်ျား အရက်သောက်ပြီး၊ သူ့ကို ဘယ်လောက်ရိုက်တယ်ဆိုတာ ပြောပါတယ်။ ကျမအိမ်ဖေါ်မလေး ပြောတဲ့ ကြောက်စရာဇာတ်လမ်းတွေကို ကျမချက်ချင်း ပြန်ကြားမိပါပြီ။

          ကျမသမီးကို ပြန်ပို့အပြီးမှာ ကျမ ဘာအကြောင်းကြောင့် ဒီလိုဖြစ်ရသလဲ စဉ်းစားရပါပြီ။ ဒီအခြေအနေထိအောင် ကျမသမီး ဘာလို့လက်ခံနေတာလဲ။ အိမ်ဖေါ်မလေးကို မကူညီဘဲ၊ လူသားတစ်ဦးရဲ့လုပ်ဆောင်ရမယ့်ဝတ္တရားကို ပျက်ကွက်ခဲ့တဲ့ သူမအမေ ကျမကြောင့်လား။ မတရားမှုကို တားမြစ်တဲ့အနေနဲ့ ကျမတို့ တတ်နိုင်သလောက် လုပ်သင့်တယ်လို့ အချက်ပေးနေပြီလို့ ဆိုလိုတာလား။ ဘယ်သူခံရတာဖြစ်ဖြစ်၊ မတရားဘူးဆိုရင် နိုင်သလောက် မလုပ်သင့်ဘူးလား။ 

          ကျမ အသဲတွေ ကွဲနေပါပြီ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ဆင်းရဲသားတွေမှာပဲဖြစ်တတ်တယ်၊ ချမ်းသာသူတွေ၊ ခေတ်မှီသူတွေကတော့ လက်ထပ်ပြီးရင် ပျော်ပျော်ရွှင်ရွှင် နေကြတယ်လို့ ကျမယောက်ျားနဲ့ကျမ အမြဲယုံကြည်ခဲ့ပါတယ်။
          ဒီလိုနှိပ်စက်တာကို ဘာလို့အကြာကြီး မပြောဘဲနေတာလဲလို့ ကျမသမီးကို မေးကြည့်တယ်။ သူမ ဒီလိုပြန်ဖြေတယ်။

          “အမေ၊ တယ်လီဖုန်းဆက်ပြီး ပြောဖို့ကြိုးစားတိုင်း ကျမ အိမ်ဖေါ်မလေးရဲ့အဖြစ်အပျက်ကို အမြဲသတိရတယ်။ ဂီးတလဲ သမီးလို အဖြစ်မျိုးကြုံခဲ့ပါတယ်။ အမေနဲ့အဖေ ဘာမှဝင်စွက်ပြီး မပြောခဲ့ဘူး။ အမြဲနုတ်ပိတ်နေခဲ့တယ်။ တကယ်တော့ လင်၊မယားနှစ်ယောက်ကြားကိစ္စကို ဝင်မစွက်ဖက်ဖို့ အဖေ အမေ့ကို သေသေချာချာ ပြောထားခဲ့တယ်လေ။ ဒါကြောင့် ကျမ မှားယွင်းမှုမရှိအောင် ရေငုံနုတ်ပိတ်နေသင့်တယ်လို့ တွေးမိတယ်လေ။”

          ဘေးမှာထိုင်ပြီး၊ အရေးတယူ မပြုသင့်တဲ့အချိန်အခါ မဟုတ်တော့ပါဘူး။ အိမ်ဖေါ်မလေးဂီးတနဲ့ ကလေးတွေကို ကျမအိမ်ကိုခေါ်ထားလိုက်တယ်။ ကျမအိမ်ဖေါ်မလေးနဲ့ ကျမသမီးကို နှိပ်စက်မှုကင်းပြီး၊ ချစ်ခင်အေးချမ်းတဲ့ပတ်ဝန်းကျင်မှာနေရဖို့ ကျမ တတ်နိုင်တာ အားလုံးလုပ်တော့မယ်။
          ကျမ ရှေ့နေတစ်ယောက်နဲ့ ဆက်သွယ်တယ်။ ကျမသမီးယောက်ျားနဲ့ အိမ်ဖေါ်မလေးရဲ့ယောက်ျားတို့ ကျူးလွန်တဲ့ အိမ်တွင်းအကြမ်းဖက်၊ နှိပ်စက်တဲ့အမှုကို တရားရုံးမှာ တရားစွဲဖြေဖို့ပါ။ ဘုရားသခင်ရဲ့စောင်မမှု၊ ခိုင်မာတဲ့အထောက်အထားနဲ့ မျက်မြင်သက်သေတွေ ကျမတို့ဖက်မှာ ရှိခဲ့ပါပြီ။ ကျမတို့ အမှုနှစ်ခုလုံးနိုင်ခဲ့ပါပြီ။

          ကျမသမီးနဲ့ အိမ်ဖေါ်မလေးတို့ လိုအပ်တဲ့ကူညီမှုရခဲ့ပါတယ်။ ဒါပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်တွေရှိနေဦးမယ်ဆိုတာ ကျမတို့ သိခဲ့ပါပြီ။ နီးစပ်ရာရဲစခန်းကို ဆက်သွယ်ချိန်မှာ အခြားသောအကြမ်းဖက်ခံသားကောင်တွေ ရှိတယ်ဆိုတာ ပြောပြကြပါတယ်။ ထိုအမျိုးသမီးတွေကို ကျမတို့ရဲ့အတွေ့အကြုံတွေ ပြောပြတယ်။ ဥပဒေလမ်းညွှန်မှုတွေ လုပ်ပေးတယ်။ 

          နောက်ပိုင်း Ultimate လို့ခေါ်တဲ့ NGO တစ်ခုကို ကျမတို့ ထူထောင်လိုက်ပါတယ်။ ဘင်ဂလောမြို့နဲ့ အနီးအနားကျေးရွာတွေမှာ အကြမ်းဖက်မှုအတွက် ဥပဒေနဲ့အခွင့်အရေးကို အမျိုးသမီးတွေ ပိုမိုသိရှိဖို့ ဆောင်ရွက်ပါတယ်။ ဥပဒေကြောင်းဆိုင်ရာမှာ အခမဲ့ကူညီပါတယ်။ ပန်းထိုးခြင်း၊ အပ်ချုပ်ခြင်း၊ အခြေခံကွန်ပြုတာသင်တန်း၊ ပန်းချီဆွဲခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း စတဲ့ သင်တန်းတွေ NGO မှ ဖွင့်လှစ်ပေးပါတယ်။ ကျေးရွာမှ အမျိုးသမီးများ လွတ်လပ်စွာပြောဆိုဖို့ စည်းရုံးတိုက်တွန်းပါတယ်။ 

          အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားပါတယ်။ ကျမသမီး ဒီပီကား နောက်တစ်ကြိမ်အိမ်ထောင် ထပ်ပြုပြီး၊ ကလေးတစ်ယောက်ထပ်ရပါပြီ။ သူ့ယောက်ျားနဲ့အတူ ချင်နိုင်းမှာ ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ ကျမယောက်ျား ဒေလီမြို့ကို ပြောင်းရွှေ့ချိန်မှာ အိမ်ဖေါ်မလေးဂီးတ သူ့ရွာကိုပြန်သွားခဲ့ပြီး၊ Ultimate အဖွဲ့နဲ့ အလုပ်တွေဆက်လုပ်ခဲ့ပါတယ်။ အခုတော့ Ultimate အဖွဲ့ကို ဘင်ဂလောမြို့ရှိကျောင်းဆရာတွေ စီမံခန့်ခွဲပါတယ်။ 

          ပြန်တွေးကြည့်တဲ့အခါ၊ တကယ်လို့ အိမ်ဖေါ်မလေးဂီးတရဲ့ဒုက္ခတွေကို စောစီးစွာ ဝင်စွက်ပြီး ဖြေရှင်းခဲ့ရင် ကျမသမီးတွေအတွက် မှန်ကန်တဲ့နမူနာဖြစ်လာနိုင်မယ်။ ကျမတို့ခံစားရတဲ့ဒုက္ခမျိုး မကြုံအောင် ရှောင်လွဲနိုင်မှာပါ။ ကျမ အခု သိလိုက်ပါပြီ။ အိမ်တွင်းအကြမ်းဖတ်မှုတွေ ကျမတို့အိမ်တံခါးဝ ရောက်လာချိန်အထိ စောင့်မနေသင့်ပါဘူး။ ရောက်မလာခင် ဖြေရှင်းသင့်တာဖြေရှင်း၊ လုပ်သင့်တာကို  လုပ်ကိုင်ရမှာပါ။ 

( Opening my eyes by Neha Mehta- RD- Feb,2011 ကို ဘာသာပြန်ဆိုပါသည်။  )
         

No comments:

Post a Comment