Monday, May 5, 2014

သိန်းဖေမြင့်၏ ဆရာများ ( ၂ )



{အလွန်မှတ်သားစရာကောင်းသော စာရေးနည်းသင်ပေးပုံများဖြစ်ပါသည်။}
စာစီစာကုံး သင်ကြားပေးခြင်း

          အင်္ဂလိပ်စာပြဌာန်းချက်များမှာမူ၊ စကားပြေကို ဦးစားပေးထားသည်။ ဖတ်စာ စာအုပ်များတွင် ကဗျာလင်္ကာ အနည်းငယ်သာပါ၏၊ အင်္ဂလိပ်စာအရေးအသားကို သင်ကြားရာမှာလည်း ကဗျာလင်္ကာ စပ်ဆိုစီကုံးမှုကို သင်ကြားမပေး။ စကားပြေရေးသားမှုကိုသာ သင်ကြားလေ့ကျင့်ပေးသည်။ 

          ဆရာဟာရွန်းသည် အင်္ဂလိပ် စာစီစာကုံးကို သင်ကြားရာ၌ ကျွန်တော်တို့နှင့် များစွာရင်းနှီးသော အကြောင်းအရာများကို အခြေခံ၍ သင်ကြား၏။ ဥပမာ၊ ညနေစောင်း ချင်းတွင်းမြစ်ကမ်းနားလမ်းတွင် လမ်းလျှောက်ခြင်းအကြောင်း။

          မုံရွာမြို့သည် ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းမှာရှိသည်။ အနောက်ဖက်ကမ်းတွင် ကြေးနီတောင်၊ ဖိုးဝင်တောင် စသည်တို့ရှိသည်။ ထန်းတောကြီးများလည်း ရှိသည်။ အနောက်ဖက်အဝေးဆီ၌၊ ပုံတောင် ပုံညာတောင်တန်းများကို ခပ်ရေးရေးမြင်ရသည်။ ညနေစောင်း ချင်းတွင်းအလှအပကို ဆရာဟာရွန်းလည်း အလွယ်ကူဆုံး၊ အဆီလျော်ဆုံး အင်္ဂလိပ်စကားလုံးကလေးများနှင့် ပါးစပ်က ဖေါ်ပြရွတ်ဆိုသွားသည်။

          ထိုသို့ ဖေါ်ပြရင်း၊ စကားလုံး လွယ်တိုင်းလည်း မကောင်းကြောင်းကို သတိပြုစရာ ( Good ) ( ကောင်းသည် ) ဟူသော စကားလုံးနှင့် ဥပမာ ပေးသည်။ Scenery is good. ( ရှူမျှော်ခင်း ကောင်းသည် ) ဆိုလျှင် မမှားပါ။ ထို့အတူ The girl’s face is good ( မိန်းကလေး၏မျက်နှာ ကောင်းသည်) ဟု ဆိုလျှင်လည်း မမှားပါ။ သို့သော် good ကို သုံးလို့ မမှားတိုင်း၊ ခဏခဏ သုံးခြင်းသည် စာကောင်း မဖြစ်ပါ။ The scenery is fine: the girl’s face is pretty: the food is tasty စသည်ဖြင့် good အစား အခြားလွယ်ကူသော စကားလုံးများဖြင့် အစားထိုး သုံးသွားတတ်ရပါသည်။

          ထို့ပြင် ဆရာဟာရွန်းသည် စကားပြေအရေးအသားတွင် အရေးကြီးလှသည့် “စဉ်ဆက်စီးဆင်းခြင်း” ( flow ) အကြောင်းကို သင်ကြားသွားသည်။ ချင်းတွင်းမြစ်ရေမှာ စဉ်ဆက်စီးဆင်းခြင်း ရှိသလို၊ စာစီစာကုံးမှာ ( ဝါ ) အကြောင်းစာမှာ စဉ်ဆက်စီးဆင်းခြင်း ရှိရမည်၊ တစ်ခုပြီး တစ်ခု စီကာစဉ်ကာ စီးသွားနေရမည်။ အကြောင်းအရာ၊ စိတ်ကူး စိတ်သန်း၊ စကားလုံး၊ ဝါကျ၊ စာပိုဒ်တို့သည် တစ်ခုပြီး တစ်ခု စီကာစဉ်ကာ စီးသွားနေရမည်ဟု ဆိုလိုသည်။


          ထိုသို့ စဉ်ဆက် စီးဆင်းခြင်း ကောင်းရန် စနစ်တကျ ပြင်ဆင်ပြီးမှ ရေးသားရမည်။

          ပထမဦးစွာ ရေးသားရမည့် အကြောင်းအချက်၊ စိတ်ကူး စိတ်သန်းများကို အတိုကောက် အချက်အလက်များ တစ်ခုပြီးတစ်ခု ရေးချလိုက်ရမည်။ အစဦးကြီး စိတ်ထဲမှာ ပေါ်လာသော အတိုကောက် အချက်အလက်များသည် အခါခပ်သိမ်း စီကာစဉ်ကာ ထွက်လာတတ်သည် မဟုတ်။ များသောအားဖြင့် ချောင်လျှင် ချောင်သလို၊ ကြပ်လျှင်ကြပ်သလို အစီအစဉ်မဲ့ ဗရမ်းဗတာ ထွက်လာတတ်သည်။

          ထို့ကြောင့် ပထမဦးဆုံးရေးချလိုက်သော အတိုကောက် အချက်အလက်များသည် ကောင်းသော အစီအစဉ်မဟုတ်၊ ထို့ကြောင့် စဉ်ဆက် စီးဆင်းခြင်း မကောင်းနိုင်ချေ။ ထို့ကြောင့် ပထမဆုံးရေးချလိုက်သော အတိုကောက်အချက်အလက်များကို ထပ်ပြီးစီစဉ်ရမည်။ နောက်သို့ပို့သင့်သည်ကိုပို့၊ ရှေ့ပို့သင့်သည်ကိုပို့၊ အလယ်မှာထားသင့်သည်ကိုထား၊ ဖြုတ်တန်ဖြုတ်၊ ဖြည့်တန်ဖြည့် စသည်ဖြင့် အစီအစဉ်သစ်ထပ်လုပ်ရမည်။ နောက်ပြီးမှ အပြည့် သို့မဟုတ် အရှည် ရေးရမည်။
          ကျွန်တော်သည် ဆရာဟာရွန်း၏ ဤသင်ခန်းစာကို ကောင်းစွာသဘောပေါက်သလို၊ တိကျစွာလေ့ကျင့်လိုက်နာ၏။ ကျောင်းမှာတုန်းကသာမက၊ နာမည်ကြီးစာရေးဆရာဖြစ်လာသည်အထိ စာရေးသောအခါတိုင်း လေ့ကျင့်လိုက်နာ၏။ နိုင်ငံရေးသမားအဖြစ်ဖြင့် ဟောပြောရသောအခါမှာလည်း ဤသင်ခန်းစာကို ကောင်းစွာလေ့ကျင့်လိုက်နာ၏။ ဟောပြောမည့်အကြောင်းအရာအချက်အလက်များကို စိတ်ထဲမှာပေါ်လာသည့်အတိုင်း အတိုကောက်ရေးချလိုက်၏။ ပြီးတော့ အစီအစဉ်သစ်ပြန်လုပ်၏ ပြီးတော့ ကြိုက်သောအစီအစဉ်ရသောအခါမှ ထိုအစီအစဉ်အတိုင်း ဟောပြောလေသည်။ စာရေးရင်း၊ စကားပြောရင်း၊ တောင်ရောက်မြောက်ရောက်ဖြစ်မသွားအောင် ကြိုးစားရခြင်းဖြစ်ပါ၏။

           ဤသို့လေ့ကျင့်ဖန် များလာတော့ စာရေးတော့မည်။ ဟောပြောတော့မည်ဆိုလျှင် အချက်အလက်အတိုကောက် ရေးမချတော့ပဲ စိတ်ကူးဖြင့်ပင် ( ဂဏန်းကို စိတ်တွက်တွက်တတ်သလို ) ပထမအစီအစဉ်၊ ဒုတိယအစီအစဉ်၊ နောက်ဆုံးအစီအစဉ်များလုပ်တတ်သွားလေသည်။ သို့သော် စာရေးရာမှာ စိတ်ကူးဖြင့် အစီအစဉ်လုပ်ပြီး ရေးရသည်က မခက်လှ၊ ရေးထားတာ ပြန်ကြည့်ပြီး ပြန်ပြင်၍ရသည်။ သို့မဟုတ် ရေးနေဆဲ ကလောင်ချထားပြီး၊ နောက်လာမည့် အချက်အလက်များကို ပြန်စဉ်းစားလို့ရသည်။ ကျန်နေလျှင်လည်း ဖြည့်လို့ရသည်။ စကားပြောဟောရာမှာကား ထိုသို့မဟုတ်ချေ။ ပြောပြီးသား ပြန်ပြင်၍လည်းမရ၊ နောက်ပြောစရာတွေကိုလည်း စိတ်အေးလက်အေး မစဉ်းစားနေအား၊ ပြောနေရင်းက ဆက်ပြောသွားရခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ရေးဖို့ဖြစ်ဖြစ်၊ ပြောဟောဖို့ဖြစ်ဖြစ်၊ အကြောင်းအရာ အချက်အလက်များကို ပထမစိတ်မှာ ပေါ်လာသလိုရေးချ၊ နောက်ပြီး အစီအစဉ်သစ်လုပ် ရေးချဟူသော သင်္ခန်းစာကို ယနေ့ထိ တတ်နိုင်သမျှ ကျင့်သုံးဆဲဖြစ်ပါသည်။

          အကြောင်းအရာတစ်ခုအတွက် စာစီစာကုံးရေးသည်။ ထိုအကြောင်းအရာက စာစီစာကုံးကို တစ်လုံးတစ်စည်းထဲဖြစ်အောင် ဖွဲ့စည်းပေးထားသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်သော အချက်အလက်များကို စဉ်ဆက်စီးဆင်းမှုအကျိုးငှာ အစီအစဉ်ဖြင့် ရေးချထားသောကြောင့် စ၊လယ်၊ ဆုံး ပြေပြစ်ချောမောနေသည်။ စာဖတ်သူ၏စိတ်ကို အစမှ အဆုံးအထိ ဆွဲခေါ်သွားသည်။ ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက် အဆုံးနားရောက်သွားလိုက်၊ အစပြန်ရောက်လာလိုက်ရေးထားလျှင် စာဖတ်သူသည်၊ ရှေ့သို့ခုန်ပေါက်ပြေးသွားလိုက်၊ နောက်သို့ပြန်လှည့်ပြေးလိုက် လုပ်နေသောမြင်းကို စီးရသူကဲ့သို့ စိတ်မောရသည်။ 

          အစီအစဉ်ရှိသော အချက်အလက်များကို အကြမ်းအားဖြင့် တစ်ချက်လျှင် တစ်ပုဒ်စီ ( ပါရာဂရပ်ဖ်တစ်ခု ) ခွဲရေးရသည်။ အကြောင်းအရာအချက်လိုက်၍ စာပိုဒ်ခွဲရခြင်းဖြစ်သည်။ စာပိုဒ်ခွဲမှ ကြည့်ကောင်းမည်ဆိုပြီး ခွဲခြင်းမဟုတ်။ အဓိပ္ပါယ်မဲ့ ခွဲခြင်းမဟုတ်။

          စာတစ်ပိုဒ်လျှင် ဝါကျများပါရှိသည်။ ဝါကျတစ်ခုနှင့် တစ်ခုသည် ဝိဘတ်နှင့် ဆက်ထားသည်ဖြစ်စေ၊ ဝိဘတ်မပါဘဲ ဆက်ထားသည်ဖြစ်စေ၊ ဝိဘတ်မပါဘဲ ရေးထားသည်ဖြစ်စေ၊ ဆက်စပ်နေရမည်။ အဓိကအားဖြင့် ထိုစာပိုဒ်ပါ အကြောင်းအရာအချက်အလက်က ဆက်စပ်ထားခြင်းဖြစ်သည်။ အဓိပ္ပါယ်က ဆက်စပ်ထားခြင်း ဖြစ်သည်။ 

          ဝါကျတစ်ခုကို စကားလုံးများဖြင့် ဖွဲ့စည်းထားသည်။ ဝါကျတစ်ခုတွင် စကားလုံး ဘယ်လောက်များများ၊ နည်းနည်း၊ ဝါကျသည် တစ်လုံးတစ်စည်းထဲဖြစ်ရမည်။ ဝါကျပါ စကားလုံးလေးများသည် နာမ်နှင့်ကြိယာ ဆက်စပ်နည်းမျိုး ဆက်စပ်သည်ဖြစ်စေ၊ နာမ်နှင့် နာမဝိသေသန ဆက်စပ်နည်းမျိုးဖြစ်စေ၊ ဝိဘတ်နှင့် ဆက်စပ်သည်ဖြစ်စေ၊ စဉ်ဆက်စီးဆင်းမှုသဘောဖြင့် ရေအလျဉ်စီးသလို လှုပ်ရှားသက်ဝင်နေရမည်။ စာလုံးများ၊ ဝါကျများနှင့် စာပိုဒ်များသည် စာစီစာကုံးဖြစ်သွားသောအခါ ပန်းကုံးကဲ့သို့လည်းကောင်း၊ ပန်းအိုးထဲစိုက်ထိုးထားသော ပန်းများကဲ့သို့လည်းကောင်း၊ ကညာပျို၏ ဦးခေါင်းမှပန်းကဲ့သို့၎င်း သူ့အစီအစဉ်နှင့်သူ၊ သူ့နေရာနှင့်သူ အံဝင်ဂွင်ကျ လှပနေရမည်။

          ဗုဒ္ဓဘာသာကျောင်း အထက်တန်းများတွင် စာသင်ကြားရစဉ် ဆရာဟာရွန်း၊ ဆရာသစ်နှင့် အခြားဆရာများက အင်္ဂလိပ်စာနှင့် မြန်မာစာ သင်ကြားပြသ၍၎င်း၊ ကျောင်းသုံးစာအုပ်တွေ ဖတ်ရသဖြင့်၎င်း၊ မဂ္ဂဇင်း၊ ဝတ္ထုစသည့်အပြင်စာများကို ဖတ်ရသဖြင့်၎င်း အထက်ဖေါ်ပြပါ သင်္ခန်းစာများကို ရခဲ့ပါသည်။

( Zawgyi )
{အလြန္မွတ္သားစရာေကာင္းေသာ စာေရးနည္းသင္ေပးပုံမ်ားျဖစ္ပါသည္။}
စာစီစာကုံး သင္ၾကားေပးျခင္း

          အဂၤလိပ္စာျပဌာန္းခ်က္မ်ားမွာမူ၊ စကားေျပကို ဦးစားေပးထားသည္။ ဖတ္စာ စာအုပ္မ်ားတြင္ ကဗ်ာလကၤာ အနည္းငယ္သာပါ၏၊ အဂၤလိပ္စာအေရးအသားကို သင္ၾကားရာမွာလည္း ကဗ်ာလကၤာ စပ္ဆိုစီကုံးမႈကို သင္ၾကားမေပး။ စကားေျပေရးသားမႈကိုသာ သင္ၾကားေလ႔က်င္႔ေပးသည္။ 

          ဆရာဟာရြန္းသည္ အဂၤလိပ္ စာစီစာကုံးကို သင္ၾကားရာ၌ ကၽြန္ေတာ္တို႔ႏွင္႔ မ်ားစြာရင္းႏွီးေသာ အေၾကာင္းအရာမ်ားကို အေျခခံ၍ သင္ၾကား၏။ ဥပမာ၊ ညေနေစာင္း ခ်င္းတြင္းျမစ္ကမ္းနားလမ္းတြင္ လမ္းေလွ်ာက္ျခင္းအေၾကာင္း။

          မုံရြာၿမိဳ႕သည္ ခ်င္းတြင္းျမစ္၏ အေရွ႕ဖက္ကမ္းမွာရိွသည္။ အေနာက္ဖက္ကမ္းတြင္ ေၾကးနီေတာင္၊ ဖိုးဝင္ေတာင္ စသည္တို႔ရိွသည္။ ထန္းေတာႀကီးမ်ားလည္း ရိွသည္။ အေနာက္ဖက္အေဝးဆီ၌၊ ပုံေတာင္ ပုံညာေတာင္တန္းမ်ားကို ခပ္ေရးေရးျမင္ရသည္။ ညေနေစာင္း ခ်င္းတြင္းအလွအပကို ဆရာဟာရြန္းလည္း အလြယ္ကူဆုံး၊ အဆီေလ်ာ္ဆုံး အဂၤလိပ္စကားလုံးကေလးမ်ားႏွင္႔ ပါးစပ္က ေဖၚျပရြတ္ဆိုသြားသည္။

          ထိုသို႔ ေဖၚျပရင္း၊ စကားလုံး လြယ္တိုင္းလည္း မေကာင္းေၾကာင္းကို သတိျပဳစရာ ( Good ) ( ေကာင္းသည္ ) ဟူေသာ စကားလုံးႏွင္႔ ဥပမာ ေပးသည္။ Scenery is good. ( ရွဴေမွ်ာ္ခင္း ေကာင္းသည္ ) ဆိုလွ်င္ မမွားပါ။ ထို႔အတူ The girl’s face is good ( မိန္းကေလး၏မ်က္ႏွာ ေကာင္းသည္) ဟု ဆိုလွ်င္လည္း မမွားပါ။ သို႔ေသာ္ good ကို သုံးလို႔ မမွားတိုင္း၊ ခဏခဏ သုံးျခင္းသည္ စာေကာင္း မျဖစ္ပါ။ The scenery is fine: the girl’s face is pretty: the food is tasty စသည္ျဖင္႔ good အစား အျခားလြယ္ကူေသာ စကားလုံးမ်ားျဖင္႔ အစားထိုး သုံးသြားတတ္ရပါသည္။

          ထို႔ျပင္ ဆရာဟာရြန္းသည္ စကားေျပအေရးအသားတြင္ အေရးႀကီးလွသည္႔ “စဥ္ဆက္စီးဆင္းျခင္း” ( flow ) အေၾကာင္းကို သင္ၾကားသြားသည္။ ခ်င္းတြင္းျမစ္ေရမွာ စဥ္ဆက္စီးဆင္းျခင္း ရိွသလို၊ စာစီစာကုံးမွာ ( ဝါ ) အေၾကာင္းစာမွာ စဥ္ဆက္စီးဆင္းျခင္း ရိွရမည္၊ တစ္ခုၿပီး တစ္ခု စီကာစဥ္ကာ စီးသြားေနရမည္။ အေၾကာင္းအရာ၊ စိတ္ကူး စိတ္သန္း၊ စကားလုံး၊ ဝါက်၊ စာပိုဒ္တို႔သည္ တစ္ခုၿပီး တစ္ခု စီကာစဥ္ကာ စီးသြားေနရမည္ဟု ဆိုလိုသည္။


          ထိုသို႔ စဥ္ဆက္ စီးဆင္းျခင္း ေကာင္းရန္ စနစ္တက် ျပင္ဆင္ၿပီးမွ ေရးသားရမည္။

          ပထမဦးစြာ ေရးသားရမည္႔ အေၾကာင္းအခ်က္၊ စိတ္ကူး စိတ္သန္းမ်ားကို အတိုေကာက္ အခ်က္အလက္မ်ား တစ္ခုၿပီးတစ္ခု ေရးခ်လိုက္ရမည္။ အစဦးႀကီး စိတ္ထဲမွာ ေပၚလာေသာ အတိုေကာက္ အခ်က္အလက္မ်ားသည္ အခါခပ္သိမ္း စီကာစဥ္ကာ ထြက္လာတတ္သည္ မဟုတ္။ မ်ားေသာအားျဖင္႔ ေခ်ာင္လွ်င္ ေခ်ာင္သလို၊ ၾကပ္လွ်င္ၾကပ္သလို အစီအစဥ္မဲ႔ ဗရမ္းဗတာ ထြက္လာတတ္သည္။

          ထို႔ေၾကာင္႔ ပထမဦးဆုံးေရးခ်လိုက္ေသာ အတိုေကာက္ အခ်က္အလက္မ်ားသည္ ေကာင္းေသာ အစီအစဥ္မဟုတ္၊ ထို႔ေၾကာင္႔ စဥ္ဆက္ စီးဆင္းျခင္း မေကာင္းႏိုင္ေခ်။ ထို႔ေၾကာင္႔ ပထမဆုံးေရးခ်လိုက္ေသာ အတိုေကာက္အခ်က္အလက္မ်ားကို ထပ္ၿပီးစီစဥ္ရမည္။ ေနာက္သို႔ပို႔သင္႔သည္ကိုပို႔၊ ေရွ႕ပို႔သင္႔သည္ကိုပို႔၊ အလယ္မွာထားသင္႔သည္ကိုထား၊ ျဖဳတ္တန္ျဖဳတ္၊ ျဖည္႔တန္ျဖည္႔ စသည္ျဖင္႔ အစီအစဥ္သစ္ထပ္လုပ္ရမည္။ ေနာက္ၿပီးမွ အျပည္႔ သို႔မဟုတ္ အရွည္ ေရးရမည္။
          ကၽြန္ေတာ္သည္ ဆရာဟာရြန္း၏ ဤသင္ခန္းစာကို ေကာင္းစြာသေဘာေပါက္သလို၊ တိက်စြာေလ႔က်င္႔လိုက္နာ၏။ ေက်ာင္းမွာတုန္းကသာမက၊ နာမည္ႀကီးစာေရးဆရာျဖစ္လာသည္အထိ စာေရးေသာအခါတိုင္း ေလ႔က်င္႔လိုက္နာ၏။ ႏိုင္ငံေရးသမားအျဖစ္ျဖင္႔ ေဟာေျပာရေသာအခါမွာလည္း ဤသင္ခန္းစာကို ေကာင္းစြာေလ႔က်င္႔လိုက္နာ၏။ ေဟာေျပာမည္႔အေၾကာင္းအရာအခ်က္အလက္မ်ားကို စိတ္ထဲမွာေပၚလာသည္႔အတိုင္း အတိုေကာက္ေရးခ်လိုက္၏။ ၿပီးေတာ႔ အစီအစဥ္သစ္ျပန္လုပ္၏ ၿပီးေတာ႔ ႀကိဳက္ေသာအစီအစဥ္ရေသာအခါမွ ထိုအစီအစဥ္အတိုင္း ေဟာေျပာေလသည္။ စာေရးရင္း၊ စကားေျပာရင္း၊ ေတာင္ေရာက္ေျမာက္ေရာက္ျဖစ္မသြားေအာင္ ႀကိဳးစားရျခင္းျဖစ္ပါ၏။

           ဤသို႔ေလ႔က်င္႔ဖန္ မ်ားလာေတာ႔ စာေရးေတာ႔မည္။ ေဟာေျပာေတာ႔မည္ဆိုလွ်င္ အခ်က္အလက္အတိုေကာက္ ေရးမခ်ေတာ႔ပဲ စိတ္ကူးျဖင္႔ပင္ ( ဂဏန္းကို စိတ္တြက္တြက္တတ္သလို ) ပထမအစီအစဥ္၊ ဒုတိယအစီအစဥ္၊ ေနာက္ဆုံးအစီအစဥ္မ်ားလုပ္တတ္သြားေလသည္။ သို႔ေသာ္ စာေရးရာမွာ စိတ္ကူးျဖင္႔ အစီအစဥ္လုပ္ၿပီး ေရးရသည္က မခက္လွ၊ ေရးထားတာ ျပန္ၾကည္႔ၿပီး ျပန္ျပင္၍ရသည္။ သို႔မဟုတ္ ေရးေနဆဲ ကေလာင္ခ်ထားၿပီး၊ ေနာက္လာမည္႔ အခ်က္အလက္မ်ားကို ျပန္စဥ္းစားလို႔ရသည္။ က်န္ေနလွ်င္လည္း ျဖည္႔လို႔ရသည္။ စကားေျပာေဟာရာမွာကား ထိုသို႔မဟုတ္ေခ်။ ေျပာၿပီးသား ျပန္ျပင္၍လည္းမရ၊ ေနာက္ေျပာစရာေတြကိုလည္း စိတ္ေအးလက္ေအး မစဥ္းစားေနအား၊ ေျပာေနရင္းက ဆက္ေျပာသြားရျခင္းျဖစ္သည္။ ထို႔ေၾကာင္႔ ကၽြန္ေတာ္သည္ ေရးဖို႔ျဖစ္ျဖစ္၊ ေျပာေဟာဖို႔ျဖစ္ျဖစ္၊ အေၾကာင္းအရာ အခ်က္အလက္မ်ားကို ပထမစိတ္မွာ ေပၚလာသလိုေရးခ်၊ ေနာက္ၿပီး အစီအစဥ္သစ္လုပ္ ေရးခ်ဟူေသာ သခၤန္းစာကို ယေန႔ထိ တတ္ႏိုင္သမွ် က်င္႔သုံးဆဲျဖစ္ပါသည္။

          အေၾကာင္းအရာတစ္ခုအတြက္ စာစီစာကုံးေရးသည္။ ထိုအေၾကာင္းအရာက စာစီစာကုံးကို တစ္လုံးတစ္စည္းထဲျဖစ္ေအာင္ ဖြဲ႔စည္းေပးထားသည္။ ထိုအေၾကာင္းအရာႏွင္႔ ပတ္သက္ေသာ အခ်က္အလက္မ်ားကို စဥ္ဆက္စီးဆင္းမႈအက်ဳိးငွာ အစီအစဥ္ျဖင္႔ ေရးခ်ထားေသာေၾကာင္႔ စ၊လယ္၊ ဆုံး ေျပျပစ္ေခ်ာေမာေနသည္။ စာဖတ္သူ၏စိတ္ကို အစမွ အဆုံးအထိ ဆြဲေခၚသြားသည္။ ဟိုေရာက္သြားလိုက္ ဒီေရာက္သြားလိုက္ အဆုံးနားေရာက္သြားလိုက္၊ အစျပန္ေရာက္လာလိုက္ေရးထားလွ်င္ စာဖတ္သူသည္၊ ေရွ႕သို႔ခုန္ေပါက္ေျပးသြားလိုက္၊ ေနာက္သို႔ျပန္လွည္႔ေျပးလိုက္ လုပ္ေနေသာျမင္းကို စီးရသူကဲ႔သို႔ စိတ္ေမာရသည္။ 

          အစီအစဥ္ရိွေသာ အခ်က္အလက္မ်ားကို အၾကမ္းအားျဖင္႔ တစ္ခ်က္လွ်င္ တစ္ပုဒ္စီ ( ပါရာဂရပ္ဖ္တစ္ခု ) ခြဲေရးရသည္။ အေၾကာင္းအရာအခ်က္လိုက္၍ စာပိုဒ္ခြဲရျခင္းျဖစ္သည္။ စာပိုဒ္ခြဲမွ ၾကည္႔ေကာင္းမည္ဆိုၿပီး ခြဲျခင္းမဟုတ္။ အဓိပၸါယ္မဲ႔ ခြဲျခင္းမဟုတ္။

          စာတစ္ပိုဒ္လွ်င္ ဝါက်မ်ားပါရိွသည္။ ဝါက်တစ္ခုႏွင္႔ တစ္ခုသည္ ဝိဘတ္ႏွင္႔ ဆက္ထားသည္ျဖစ္ေစ၊ ဝိဘတ္မပါဘဲ ဆက္ထားသည္ျဖစ္ေစ၊ ဝိဘတ္မပါဘဲ ေရးထားသည္ျဖစ္ေစ၊ ဆက္စပ္ေနရမည္။ အဓိကအားျဖင္႔ ထိုစာပိုဒ္ပါ အေၾကာင္းအရာအခ်က္အလက္က ဆက္စပ္ထားျခင္းျဖစ္သည္။ အဓိပၸါယ္က ဆက္စပ္ထားျခင္း ျဖစ္သည္။ 

          ဝါက်တစ္ခုကို စကားလုံးမ်ားျဖင္႔ ဖြဲ႔စည္းထားသည္။ ဝါက်တစ္ခုတြင္ စကားလုံး ဘယ္ေလာက္မ်ားမ်ား၊ နည္းနည္း၊ ဝါက်သည္ တစ္လုံးတစ္စည္းထဲျဖစ္ရမည္။ ဝါက်ပါ စကားလုံးေလးမ်ားသည္ နာမ္ႏွင္႔ႀကိယာ ဆက္စပ္နည္းမ်ဳိး ဆက္စပ္သည္ျဖစ္ေစ၊ နာမ္ႏွင္႔ နာမဝိေသသန ဆက္စပ္နည္းမ်ဳိးျဖစ္ေစ၊ ဝိဘတ္ႏွင္႔ ဆက္စပ္သည္ျဖစ္ေစ၊ စဥ္ဆက္စီးဆင္းမႈသေဘာျဖင္႔ ေရအလ်ဥ္စီးသလို လႈပ္ရွားသက္ဝင္ေနရမည္။ စာလုံးမ်ား၊ ဝါက်မ်ားႏွင္႔ စာပိုဒ္မ်ားသည္ စာစီစာကုံးျဖစ္သြားေသာအခါ ပန္းကုံးကဲ႔သို႔လည္းေကာင္း၊ ပန္းအိုးထဲစိုက္ထိုးထားေသာ ပန္းမ်ားကဲ႔သို႔လည္းေကာင္း၊ ကညာပ်ဳိ၏ ဦးေခါင္းမွပန္းကဲ႔သို႔၎ သူ႔အစီအစဥ္ႏွင္႔သူ၊ သူ႔ေနရာႏွင္႔သူ အံဝင္ဂြင္က် လွပေနရမည္။

          ဗုဒၶဘာသာေက်ာင္း အထက္တန္းမ်ားတြင္ စာသင္ၾကားရစဥ္ ဆရာဟာရြန္း၊ ဆရာသစ္ႏွင္႔ အျခားဆရာမ်ားက အဂၤလိပ္စာႏွင္႔ ျမန္မာစာ သင္ၾကားျပသ၍၎၊ ေက်ာင္းသုံးစာအုပ္ေတြ ဖတ္ရသျဖင္႔၎၊ မဂၢဇင္း၊ ဝတၳဳစသည္႔အျပင္စာမ်ားကို ဖတ္ရသျဖင္႔၎ အထက္ေဖၚျပပါ သခၤန္းစာမ်ားကို ရခဲ႔ပါသည္။

No comments:

Post a Comment